ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ မတ် ၁၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ပြီး စာစစ်ဌာနအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်စီစဉ်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုကြမည့် စာသင်ခန်းများစီစဉ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူး၊ တွဲဘက်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများအား ကျောင်းအုပ်ဆရာကြီးရုံးခန်း၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က စာစစ်ဌာနများတွင် လိုအပ်ချက်များရှိပါက မိမိတို့ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးနှင့် ကျန်းမာရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးသည် အဓိကကျပါကြောင်း၊ ထို့ကြောင့် မျိုးဆက်သစ်လူငယ်များသည် ပညာအရည်အချင်းပြည့်ဝပြီး ကျန်းမာကြံ့ခိုင်ကာ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန် အရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ရည်မှန်းချက်သည် နှစ်စဉ်စာမေးပွဲကို အချိန်မှန်မှန်ဖြင့် အောင်မြင်ပြီး ရည်မှန်းထားသည့် ဘဝကိုတည်ဆောက်နိုင်ရန် ကြိုးစားကြခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် ဒေသအခြေအနေကြောင့် စစ်တွေမြို့သို့ စာမေးပွဲဖြေဆိုရန် လာရောက်ကြလျက်ရှိကြောင်း၊ ထိုသို့လာရောက်နေခြင်းသည် ပညာရေးကို အလေးထားဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ ပညာရေးမြင့်မားမှ ပညာရေးဖွံ့ဖြိုးတိုးတက်မှ မိမိတို့လိုချင်သော ပန်းတိုင်ကိုရောက်ရှိမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စာစစ်ဌာနများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ စာမေးပွဲဖြေဆိုရန် ရောက်ရှိလာကြသော ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရန်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျန်းမာရေးကအစ လိုအပ်သော အုပ်ချုပ်ထောက်ပံ့ကိစ္စည်းများကို ဝိုင်းဝန်းကူညီပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက စာမေးပွဲစစ်ဆေးစဉ်ကာလအတွင်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေကျပ် ၃၄၅ သိန်းအား ပေးအပ်ချီးမြှင့်ပြီး စာမေးပွဲစစ်ဆေးရာတွင် ကြီးကြပ်ရေးမှူးနှင့် တွဲဘက်ကြီးကြပ်ရေးမှူးများ၊ အခန်းစောင့်ဆရာ၊ ဆရာမများ၏ စာဖြေခန်းအလိုက် ဆောင်ရွက်ရမည့် စာရင်းဇယားမှတ်တမ်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့သွားရောက်ပြီး အစည်းအဝေးခန်းမတွင် တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာများအား တွေ့ဆုံကာ တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည့် ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်အတွင်း စာသင်ဆောင်များတွင် ပေါင်းစည်းစာစစ်ဌာနများ ဖွင့်လှစ်ကာ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာဖြေခန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)