နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ ရွာသစ်ကျေးရွာအနီး ရုံးပင်ချောင်း အေလာယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် နွေနှမ်းသီးနှံဧက ၂၂၀ အတွက် စိုက်ပျိုးရေစတင်ရေပေးဝေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော် က ယာယီရေထိန်းဆည် တည်ဆောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရန် လျှပ်စစ်ရေတင်စက်အား စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေခဲ့ပြီး ယာယီရေထိန်းဆည်တည်ဆောက်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ရွာသစ်ကျေးရွာ၊ အောင်သိဒ္ဓိဆုတောင်းပြည့်စေတီတော်ဓမ္မာရုံ၌ ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံပြီး ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ မြေကို စနစ်တကျပြုပြင်သုံးစွဲရေး၊ စိုက်ပျိုးရေစနစ်တကျ သုံးစွဲရေး၊ စိုက်နည်းစနစ်များ မှန်ကန်စွာအသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ ထို့အပြင် သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် သီးထပ်စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက နေပြည်တော်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးမှုအခြေအနေများ၊ ဆီထွက်သီးနှံစိုက်ပျိုးရန် မျိုးစေ့များ ဖြန့်ဖြူးနေမှုအခြေအနေများ၊ နှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်အခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ရှင်းလင်း တင်ပြ ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ဆီထွက်သီးနှံ စိုက်ပျိုးမည့် တောင်သူများအား ဆင်းရတနာ-၃ နှမ်းမျိုးစေ့များကို ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း အေလာစာစစ်ဌာနသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ပညာရေးမှူး ဒေါက်တာ ကျော်လွင်က စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းသား/ကျောင်းသူများ စားမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာရှိ ဆုစံမြန်မာအားဖြည့်သဘာဝဩဂဲနစ်မြေဩဇာ ကုန်ထုတ်သမဝါယမအသင်းသို့ သွားရောက်၍ ဦးအေးကိုကို၏ သဘာဝမြေဩဇာထုတ်လုပ်နေမှုအခြေအနေများနှင့် GAP စနစ်ဖြင့် သရက်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးရာ ဦးအေးကိုကိုက သဘာဝမြေဩဇာထုတ် လုပ်နေမှုအခြေအနေများနှင့် GAP စနစ်ဖြင့် သရက်စိုက်ပျိုး ထားရှိမှုများ ကိုလည်းကောင်း၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ တောင်သူများက လိုအပ်ချက်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအုပ်စု၊ သရက်ခုံကျေးရွာ ချောင်းမငယ်ဆည်ရေသောက် ကွင်းအမှတ်(၁၈၂၃) တွင် နွေနှမ်း စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံရာ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)နှင့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက နွေနှမ်းစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေပေးဝေမည့်အခြေအနေများ၊ သီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေး ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြေများကို အကျိုးရှိစွာအသုံးချပြီး သီးထပ်စွမ်းအားတိုးမြှင့်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ဒေသတွင်း စားသုံးဆီဖူလုံစေရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများအား ဆင်းရတနာ-၃ နှမ်းမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)