မက်မန်း မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်တာစီးကာကွယ်ရေးအစည်းအဝေးကို ယမန်နေ့နံနက် (၁၀:၀၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ယခုအချိန်သည် ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေများထားရှိစေရန်၊ နွေရာသီတွင် ရေရှားပါးမှုမရှိစေရန်၊ ရေကိုစနစ်တကျသုံးစွဲရန်နှင့်ရေကို လုံလောက်စွာသုံးစွဲနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် သစ်တောပြုန်းတီးမှုမရှိစေရန်အတွက် တောမီးများကို မရှို့မိစေရန် အထူးကြပ်မတ်ဆောင်ရွက်သွားရန်” အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်ပိုင်ဖြိုးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များကို တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝေယံထွန်းက မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွက် နွေရာသီတွင် ရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားလျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနမှ သစ်တောပြုန်းတီးမှုမရှိစေရေးအတွက် တောမီးမရှို့စေရန် မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် လိုက်လံနိုးဆော်လျက်ရှိကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဉမ္မာ (ခရိုင်၊ပြန်/ဆက်)