မိုးကုတ် မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၇) ရက်နေ့ မွန်းလွဲ (၃) နာရီက အခြေခံတရုတ်ဘာသာစကားသင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် အဆိုပါသင်တန်းများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ်သဖြင့် မိမိတို့အတွက် အကျိုးရှိအောင် သင်တန်းပြီးဆုံးချိန်အထိ ကြိုးစားသင်ယူကြရန် လိုပါကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူများအား အခြေခံတရုတ်ဘာသာစကားကို သင်ကြားပေးမည့် သင်တန်းနည်းပြ ဒေါ်စံပယ်ကိုကိုက တရုတ်ဘာသာ ဗျဥ်း/သရ၊ တရုတ်အသံအမျိုးအစား၊ တရုတ်စာရေးနည်းနှင့် အခေါ်အဝေါ်မိတ်ဆက်နည်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခြေခံတရုတ်ဘာသာစကား (အခမဲ့) သင်တန်းကို မွန်းလွဲ (၃) နာရီမှ (၄) နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ (၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)