ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား၊ ပြည်နယ်လက်ရွေးစင် U-25 အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ အခြေခံရေကူးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား မတ် ၉

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို အမှတ် (၁) လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း ကလေးငယ်များက “ထာဝရသစ္စာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူဦးရေတွင် အမျိုးသမီးပါဝင်မှုမှာ (၅၂) ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် လုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အမျိုးသမီးများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ ပါဝင်နိုင်မှုအခွင့်အလမ်းများကို တန်းတူညီမျှ ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းသည် နိုင်ငံသားအားလုံး၏ ဖွံ့ဖြိုးခြင်းဖြစ်သကဲ့သို့ နိုင်ငံသားအားလုံးကို ကာကွယ်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ တန်းတူညီမျှ အခွင့်အ‌ရေးရရှိရေး လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာစီမံကိန်းများကို နိုင်ငံတော်မှ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရာတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip များအား ဖွင့်လှစ်ပြသမှုကိုလည်းကောင်း၊ အမှတ် (၂) မူကြိုကျောင်း၊ ငွေပျော်စံပြကျေးရွာ မူကြိုကျောင်းများမှ ကလေးငယ်များက တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသော မူကြိုရင်သွေးငယ်လေးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့ကလည်းကောင်း၊ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့အပြင် မွန်းလွဲပိုင်းတွင်လည်း အဆိုပါ မိုးလုံလေလုံအားကစားခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများက နှုတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ အသက် (၂၅) နှစ်အောက် ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအနေဖြင့် အမြင့်ဆုံးအောင်မြင်မှုကို ရရှိစေရေးအတွက် စိတ်ဓာတ်နှင့် စည်းကမ်းကို အကောင်းဆုံးပြင်ဆင်ဆောင်ရွက်ပြီး ပြည်နယ်၏ဂုဏ်ကို ဘောလုံးအားကစားဖြင့် သမိုင်းသစ်ရေးထိုးမြှင့်တင်ပေးရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် လက်ရွေးစင်အသင်းအုပ်ချုပ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က စခန်းသွင်း လေ့ကျင့်ပြင်ဆင်ခဲ့မှု အခြေအနေများနှင့် အောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်မည် ဖြစ်ကြောင်း ဂတိပြုပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၅) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ လက်ရွေးစင်အသင်းအတွက် ပါဝင်ပံ့ပိုးကူညီခဲ့သူများလည်း ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာယာရေကူးကန်၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများအတွက် အခြေခံရေကူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရေကူးခြင်းအားဖြင့် နှလုံးကိုအားကောင်းစေပြီး သွေလည်းပတ်မှုအားကောင်းစေခြင်း၊ ကြံ့ခိုင်မှုနှင့်ခံနိုင်ရည်ရှိစေခြင်း၊ သွက်လက်တက်ကြွမှုကို ရရှိစေခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပြီး စိတ်ဖိစီးမှုကို သက်သာစေသည့် အပြင်ဝန်ထမ်းများအနေဖြင့် ဉာဏစွမ်းအား၊ ကာယစွမ်းအားများ အဖက်ဖက်က စွမ်းရည်ပြည့်ဝနေစေရန်တွက် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြများအတွက် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရေကူးအားကစားနည်းဖြင့် သရုပ်ပြလေ့ကျင့်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအရှေ့ ဧရာဝတီမြစ်ကမ်းဘေး၌ စည်ပင်သာယာရေးအဖွဲ့မှ စက်ယန္တရားကြီးများဖြင့် မြေညှိခြင်း၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းဆောင် ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့ပြဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံ များ အပန်းဖြေအနားယူစရာ နေရာရှားပါးလာသည့်အတွက် မြစ်ကမ်းဘေးတစ်လျှောက် လူထုအပန်း ဖြေစခန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အဆိုပါနေရာမှ ဧရာဝတီမြစ်အတွင်းသို့စီးဝင်သည့် အင်ဂျန်းချောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် နေအိမ်ခြံဝင်များ ကျူးကျော်ကာရံ ထားမှုမရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)