နေပြည်တော်ကောင်စီဝင်များ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

နေပြည်တော် မတ် ၉

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော် အမျိုးသမီးကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ  မြှင့်တင်ရေးအသင်းတို့နှင့် ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ ဘေဂျင်းကြေညာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ဒေသအဆင့်မှာလည်း အာဆီယံအမျိုးသမီး ကော်မတီတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမူ ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး အစီရင်ခံစာများအား ကုလသမဂ္ဂသို့ တင်ပြဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်မှာ ဆဌမမြောက်အစီရင်ခံစာကို တင်သွင်းနိုင်ခဲ့ပါကြောင်း၊ အာဆီယံအမျိုးသမီးရေးရာ ဆောင်ရွက်ချက်အနေဖြင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) အာဆီယံငြိမ်းချမ်းရေးမှတ်ပုံတင် အမျိုးသမီး ကိုယ်စားလှယ် (AWPR) စသည့် ကဏ္ဍများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းစီမံချက် (ASEAN Regional Plan of Action on Elimination of Violence Against Women -EVAW) ACW နှင့် ACWC Work Plan (2021-2025) စီမံချက်နှင့် ASEAN Gender Mainstreaming Strategic Framework (AGMSF) (2021-2015) လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအား ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းဆောင်ရွက်ချက်များ ဖော်ဆောင်ရာတွင် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသမီးအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) ၂၀၁၃-၂၀၂၂ ကို ဘေဂျင်းကြေညာစာတမ်းနှင့် ဘေကျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံကာ လုပ်ငန်းဧရိယာ (၁၂) ရပ်ချမှတ် ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ ဆက်လက်ပြီး NSPAW Phase II (၂၀၂၃-၂၀၃၂) ကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique)ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကုလသမဂ္ဂတွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ နေပြည်တော်တွင် သက်ငယ်မုဒိမ်းအပါအဝင် ကျား-မ အခြေပြု အကြမ်းဖက်မှု (Gender Based Violence- GBV) များနှင့် ပတ်သက်ပြီး ဆက်သွယ်တိုင်ကြားနိုင်ရေးအတွက် Helpline ဖုန်းဝန်ဆောင်မှု SOP ကိုရေးသားပြုစုထားရှိပြီး ဖုန်းနံပါတ် “1566” ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ဖြစ်စဉ်များကိုလည်း ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနက စနစ်တကျ လေ့ကျင့်သင်ကြားပေးထားသည့် Case Manager များက အကြမ်းဖက်ခံရသူများနှင့်တွေ့ဆုံပြီး ၎င်းတို့၏လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်လူမှုရေး ပိုင်းဆိုင်ရာ၊ ဥပဒေပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းနှင့် စွမ်းဆောင်ရည်ပြန်လည် မြှင့်တင်ပေးရေးဆိုင်ရာ လိုအပ်သည့်အကူအညီများကို တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်း၊ ချိတ်ဆက်ညွှန်းပို့ခြင်းတို့ဖြင့် ဝန်ဆောင်မှုများကို လိုအပ်ချက်ပေါ်မူတည်ကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်တွင် တရားရင်ဆိုင်နေရသည့် အမျိုးသမီးရှစ်ဦးအတွက် တရားရင်ဆိုင်းသွားခရီးစရိတ်၊ ဆေးကုသစရိတ်၊ အသက်မွေးဝမ်းကျောင်းစရိတ်များကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ OSWSC စင်တာများမှာ ပေးနေသည့် ဝန်ဆောင်မှုများ စနစ်ကျပြီး ပိုမိုတိုးတက်ကောင်းမွန်သော ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်စေရေး အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လုံခြုံမှုပေးနိုင်သော ယာယီနားခိုရာစင်တာ စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန် (Guideline) ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် Gender ၊ CEDAW၊ NSPAW အသိပညာပေးသင်တန်းများ၊ United Nations Security Council Resolutions - UNSCR 1325 အသိပညာပေးဟောပြောပွဲ၊ ကျား၊ မ အခြေပြု အကြမ်းဖက်ခြင်းဆိုင်ရာ တားဆီးကာကွယ်ရေး (Gender Based Violence- GBV) များကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နေပြည်တော်အတွင်း၌ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းများ၊ အခြေခံစက်ချုပ်သင်တန်းများ၊ အခြေခံမုန့်လုပ်နည်း သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် အမျိုးသမီးများနှင့်ပတ်သက်သည့် အခန်းကဏ္ဍများတွင် ယခုနှစ် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” “Invest in Women : Accelerate Progress” ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား၏ Video Clip ကိုပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများသည် တာဝန်ရှိသူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ ကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)