တာမွေ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းအချိန်က ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ ဂီတအစည်းအရုံးအဖွဲ့ဝင်များက “ပြည်သူ့အတွက် ပြန်/ဆက်” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွေဟာ မြို့နယ်တိုင်းမှာရှိပြီးတော့ ပြည်သူနှင့်ပြည်သူကြား၊ ပြည်သူနှင့်အစိုးရကြား၊ ပြည်သူနှင့်နိုင်ငံတော်ကြားမှာ ပေါင်းကူးဆက်ဆံပြီးတော့ ပြန်ကြားပေးတဲ့၊ အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်မှာ ဌာနအနေနဲ့လူငယ်တွေကိုအဓိကထားပြီး အသိပညာပေးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေပါကြောင်း၊ လူကြီး၊ လူလတ်၊ လူငယ် စသည့် ပြည်သူများအားလုံး အသိပညာဗဟုသုတပြည့်ဝမှသာ နိုင်ငံတော်ဟာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ လူငယ်လူရွယ်တွေအနေနဲ့ စာတတ်မြောက်ရုံသာမကပဲ အသိပညာ၊ အတတ်ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်ဖို့ များစွာလိုအပ်ပါကြောင်း၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြ စေလိုကြောင်း” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးရဲတင့်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်နှင့် တာဝန်ရှိသူများသည် သင်တန်းများပို့ချပေးနေမှု အခြေအနေအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ အထက်တန်း အောင်မြင်ပြီးသော လူငယ်လူရွယ်များအား သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်ကြီးများက ဓာတ်ပုံ ဗီဒီယိုရိုက်ကူးနည်းစနစ်များနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းပညာရပ်များကို ၂၀၂၄-ခုနှစ် မတ်လ(၈)ရက်နေ့မှ မတ်လ (၂၂) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ကျောင်းသား/သူများနှင့် လူငယ်လူရွယ်များအနေဖြင့် နွေရာသီ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံမှတစ်ဆင့် ပညာရှင်တစ်ယောက်အဖြစ် ဆက်လက်လေ့လာသင်ကြားနိုင်စေရန်အတွက် ယခုလို အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်ထံမှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)