ချီ‌ဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံတရုတ်စကားပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပ

ချီဖွေ မတ် ၉

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုအား ရှင်းလင်းပြောကြားပြီး သင်တန်းဆရာ ဦးဆိုင်းအောင်က တရုတ်စကားပြော သင်ကြားမည့်အခြေအနေနှင့် သင်တန်းသူ၊ သားများ လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်စကားပြောသင်တန်းတွင် သင်တန်းသူ/ သား (၂၀) ဦး တက်ရောက်ပြီး မတ်လ ၈ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ အခမဲ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)