ကျိုက်မရော မတ် ၉
ကျိုက်မရောမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားရာ၌ နွေရာသီ ကျောင်းပိတ်ရက်ရှည် ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူများအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူသားချင်းစာနာထောက်ထားတတ်စေရန် ရှေးဦးပြုစုခြင်း အတတ်ပညာကိုဆောင်ရွက်တတ်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းမှတပ်ဖွဲ့မှူး ဦးမျိုးမင်းဦးက အရေးပေါ်ရှေးဦးပြုစုခြင်း သင်ကြားရခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားပြီး အရေးပေါ်အသက်ကယ်နည်းများကို စာတွေ့လက်တွေ့သင်ကြားပြသခဲ့သည်။
အဆိုပါသင်တန်းကို ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၅ ရက်ဖြစ်ကြောင်း သိရသည်။
မိချို(ပြန်/ဆက်)