ပန်းဘဲတန်းမြို့နယ်တွင် ယာယီမဲရုံဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းဘဲတန်း နိုဝင်ဘာ ၄

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် ယာယီမဲရုံဆောက်လုပ်နေမှုအခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ယခင်လျာထားဆောင်ရွက်ထားသော မဲရုံနေရာများတွင် Quarantine Centre များ ထားရှိသည့်အတွက် ယာယီမဲရုံ(၃) ရုံ ဆောက်လုပ်ရခြင်းဖြစ်ပြီး ယာယီမဲရုံများ ဆောက်လုပ်ရာ၌ မဲရုံပြင်ဆင်ရာတွင် လိုက်နာရမည့်အချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ရပ်ကွက် (၁၁) ရပ်ကွက်၊ မဲရုံပေါင်း (၂၆) ရုံအနက် ယာယီမဲရုံ(၃)ရုံ ဆောက်လုပ်ရမည်ဖြစ်ပြီး အဆိုပါ ယာယီမဲရုံများအား အောက်တိုဘာလ (၃၁)ရက်နေ့မှ နိုဝင်ဘာလ (၅)ရက်နေ့အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)