ကျောက်မဲ နိုဝင်ဘာ ၄
ကျောက်မဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန် ဆန္ဒပြုမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ယမန်နေ့ ညနေ ၆ နာရီကစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးထွန်းက ကြီးကြပ်ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား ဆန္ဒပြုမဲလက်မှတ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ ဆန္ဒပြုတံဆိပ်တုံး၊ ဆန္ဒပြုခန်း၊ မှင်ဘူး စသည့် မဲရုံသုံးပစ္စည်း ၁၉ မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် ရွေးကောက်ပွဲတွင် အသုံးပြုရမည့် သတ်မှတ်ပုံစံများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ရပ်ကွက် ၂၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၈ အုပ်စု၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်ပြီး မဲရုံပေါင်း ၉၉ ရုံနှင့် မဲဆန္ဒရှင် စုစုပေါင်း ၁၁၈၀၉၅ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)