တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

တောင်ကြီး မတ် ၉

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ယမန်နေ့နံနက် (၉) နာရီအချိန်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆောင်ပုဒ်မှာ “အရှိန်အဟုန်ဖြင့် တိုးတက်ရေးအမျိုးသမီးများတွင် မြှုပ်နှံပေး” “Invest in Women:Accelerate Progress” ဖြစ်ပါကြောင်း၊ အမျိုးသမီးများနှင့် ထိခိုက်လွယ်သည့်အုပ်စုများကို နည်းပညာလက်လှမ်းမီရရှိစေခြင်းသည် အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်သလို ကျား၊ မ တန်းတူညီမျှမှုကို ပိုမိုမြှင့်တင်ပေးရန်အတွက် ပိုမိုဆန်းသစ် တီထွင်ပေးနိုင်သည့် အလားအလာကောင်းများကို ဖြစ်ပေါ်စေကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးငယ်ရွယ်များ၏ လူမှုစီးပွားဘဝ အခြေအနေမြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံတွင် အမျိုးသမီးများနှင့် အမျိုးသားတန်းတူ ပါဝင်ခွင့်ရရှိရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အတွင်းမှ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍများတွင် ထူးချွန်စွာဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီး (၂၇) ဦးကိုလည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်ပြီး နှစ်စဥ်ဂုဏ်ပြုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း ထူးချွန်အမျိုးသမီးများ ပေါ်ထွက်လာစေရန် တာဝန်ရှိသူများ အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ကာကွယ်စောင့်ရှောက်ရေးအား ရှင်းလင်းတင်ပြပြီး ထူးချွန်အမျိုးသမီးများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး ရှမ်းပြည်နယ် အမျိုးသမီးကော်မတီ နာယက ဒေါ်ညိုမီစော၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးရာ ထူးချွန်ဆုရရှိသူ အသီးသီးမှ လက်ခံရယူကြောင်း သိရသည်။

ထို့နောက် တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းရင်းသားအကအဖွဲ့များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးကော်မတီ နာယကဒေါ်ညိုမီစောက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)