ချမ်းမြသာစည် မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနသည် ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီက အောင်ပင်လယ်ရပ်ကွက် ၄၈ လမ်းရှိ အထက်မြန်မာပြည်ပုံနှိပ်တိုက်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ မီးလောင်ကျွမ်းပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးလောင်သောအရာဝတ္ထုများ၊ မီးအတန်းအစားများ၊ အခြားဗဟုသုတ ရရှိစေမည့် မီးလောင်ကျွမ်းမှု အကြောင်းများ၊ သဘာဝဘေး၊ အစရှိသည်များကို အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မီးငြှိမ်းသတ်မှု အစီအစဉ်များကို လက်တွေ့ပြသခဲ့ရာစက်ရုံမှူးနှင့် ၀န်ထမ်းက စိတ်ဝင်တစား ကြည့်ရှု၍ လက်တွေ့ပါဝင် မီးငြှိမ်းသတ်ခဲ့ကြသည်။
အခမ်းအနားသို့ အောင်ပင်လယ်ပုံနှိပ်စက်ရုံ၊ စက်ရုံမှူး ဦးဘိုလှနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့