တောင်ကြီး မတ် ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် မတ် (၇) ရက် နံနက် (၉) နာရီက တောင်ကြီးမြို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြုစုဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလှိုင်မှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး သန်းခေါင်စာရင်း ပြုစုဆောင်ရွက်နေသော အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးဦးအေးလှိုင်မှ လက်ခံရယူကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်ဘုရား တောင်အတက်လမ်း အဆင့်မြှင့်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်ခန်းမတွင် စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရွှေဘုန်းပွင့်ဘုရားတောင် အတက်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿတသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံငါးပါး သီလခံယူ ဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။
၎င်းနောက် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် (အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ) ဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)