ခမောက်ကြီး မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးများဆောင်ရွက်လျက်ရှိရာ ခမောက်ကြီးမြို့မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ခမောက်ကြီးမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းမကြီးတွင် ဈေးသွား၊ ဈေးလာများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပူးပါင်းကူညီပံ့ပိုးကြရန် နှိုးဆော်ခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှကင်းလွတ်ခွင့် ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကိုကျင့်သုံးရသော အကြောင်းအရင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။
ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို မှန်ကန်စွာသိရှိစေရန်နှင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမရှိစေရေးကို ရည်ရွယ်ပြီး လူစည်ကားရာနေရာတို့တွင် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)