မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မော်လမြိုင် မတ်

၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသော အမျိုးသမီးများအတွက် ဂုဏ်ယူစရာနေ့လေးတစ်နေ့ ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင်နိုင်ရည်များ၊ အမျိုးသမီးများ၏လူသားအကျိုးပြုမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း မတ်လ (၈) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးအရေးများကို ဘက်စုံထောင့်စုံကနေ ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ အဓိကအင်အားစုကြီးတစ်ခုဖြစ်သည့် မြန်မာအမျိုးသမီးများဟာ ကဏ္ဍစုံမှာ အမျိုးသားများနဲ့ တန်းတူပါဝင် ဆောင်ရွက်နေကြသည့်အတွက် မြန်မာအမျိုးသမီးများ အားလုံးကိုလည်း ဂုဏ်ယူပါကြောင်းနှင့် ယနေ့ကာလမှာလည်း ကမ္ဘာ့လူသားအားလုံး တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုများနဲ့ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရင်း အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်ပါစေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် UN Message Video Clip နှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ပြသနေမှုကိုလည်းကောင်း၊ ပညာရေးဒီဂရီကောလိပ်ကျောင်းမှ သင်တန်းသူလေးများမှ မွန်သင်္ကြန်ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်းနှင့် မွန်ပြည်နယ်အမျိုးသမီးသိုင်းအဖွဲ့မှ မြန်မာ့သိုင်းစွမ်းရည်ဖြင့် သရုပ်ပြသဖျော်ဖြေနေမှုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)