ကွန်ဟိန်းမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

ကွန်ဟိန်း မတ် ၉

ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်က လူငယ်တွေဟာ နောင်တစ်ခေတ်တွင်နိုင်ငံတာဝန်ကို ထမ်းဆောင်ကြမည်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ရန်လိုအပ်ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ အသိပညာပေးပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ဒုကျောင်းအုပ်ဒေါ်စုမြတ်ထွေးက အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ နန်းခမ်းကွီက လူငယ်နှင့်ရည်မှန်းချက်၊ မအေးအေးသိန်းက လူငယ်နှင့်စာဖတ်ခြင်း၊ မစုသက်မွန်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော သင်တန်း သူများက သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့သည်။

လူငယ်စကားဝိုင်းကို လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗဘ၊ ဘောဂဗလ စသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်တွင် တိုင်းပြည်အတွက် လူတော်လူကောင်းများဖြစ်ပေါ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသောဆရာမများနှင့် သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)