ကော့မှူး မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင်ကော့မှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းမှအဖွဲ့ဝင် မောင်ကျော်သီဟကစာရေးဆရာ ဒေါက်တာသာထွန်းဦးရေးသားသည့် “အခက်အခဲ၊ စိန်ခေါ်မှုနှင့်အခွင့် အရေးစာအုပ်ထဲမှ“အခက်အခဲကောင်း တစ်ခုကိုလက်လွတ်အဆုံးရှုံးမခံပါနှင့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကိုက“အခွင့်အရေးအသစ်များအတွက်အသင့်ရှိ နေပါစေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးအေးအောင်က “သဘောထားကွဲလွဲမှုကိုလက်ခံပါ”ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် Book Club အဖွဲ့ဝင်မောင်ကျော်သီဟကဆွေးနွေးရာတွင် စာရေးသူအနေဖြင့် ခေါင်းဆောင်အမျိုးမျိုးနှင့်နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်ခဲ့ဖူးကြောင်း၊ တော်သောခေါင်းဆောင်ထံမှဖြစ်စေ၊ ညံ့ဖျင်းသောခေါင်းဆောင်ထံမှဖြစ်စေသင်ခန်းစာများလေ့လာသင်ယူနိုင်ခဲ့ကြောင်း၊ ခေါင်းဆောင်တစ်ဦးချင်း၏ အရည်အချင်းမှန်ကိုအခက်အခဲများ ကြုံတွေ့ရချိန်တွင်သိရှိနိုင်ပါကြောင်း၊ အာရုံစူးစိုက်လုပ်ကိုင်ရမည့်ကိစ္စရပ်များမှာ မှန်ကန်ပြတ်သားသောဆုံးဖြတ်ချက်များ ချမှတ်လုပ်ကိုင်ရန်နှင့်ထိုစိန်ခေါ်မှုနှင့်အတူပါလာသောအခွင့်ကောင်းများကို မျက်ခြည်မပြတ် လေ့လာပြင်ဆင်ရန်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်များအဖို့ အခက်အခဲဆိုသည်မှာမိမိအရည်အချင်းမှန်ကို ပြသရသည့်အခွင့်အခါကောင်းပင်ဖြစ်ပါကြောင်း၊ အခက်အခဲကို ရင်ဆိုင်နေရချိန်တွင်ခေါင်းဆောင်များအနေဖြင့် ကြုံတွေ့ရသော အခက်အခဲကို ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်သုံးသပ်ရန်၊ အဖွဲ့သားတိုင်း အခက်အခဲကြားမှရရှိလာနိုင်မည့် အခွင့်အရေးကောင်းများကို မျက်ခြည်မပြတ်ကြည့်မြင်တတ်ရန်၊ ဆုံးဖြတ်လုပ်ကိုင်သင့်သည့် ဆုံးဖြတ်ချက်များကို လျင်လျင်မြန်မြန်ချမှတ်လုပ်ကိုင်နိုင်ရန်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်တစ်ဦး၏ အခက်အခဲကို ရှုမြင်သုံးသပ်ပုံ အနေအထားသည်အဖွဲ့အစည်းအတွက်အခွင့်အရေး သို့မဟုတ် ဆုံးရှုံးမှုဆိုသော မှတ်ချက်ဖြစ် ပါကြောင်းနှင့်စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကျော်သူရ ( ကော့မှူး)