မင်္ဂလာဒုံ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁) လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဥ်(၁/၂၀၂၄)သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း ကျောင်းအုပ်ကြီးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဆန်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်သူဗဟိုပြုသည့်ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်နိုင်ရေးအတွက်ဌာန၏ ရည်မှန်းချက်ဖြစ်သော တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လိုအပ်သောအသိပညာ၊ အတတ်ပညာများ၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် စံ(၅)ရပ်နှင့်ပြည့်စုံသော အုပ်ချုပ်ရေးမှူးကောင်းများဖြစ်စေရန် စီမံခန့်ခွဲမှုပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ကြီးဦးမောင်မောင်ဆန်းက ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုရရှိသူများအား ဆုတံဆိပ်များချီးမြှင့်ခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားတစ်ဦးက လက်ခံရယူပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း ဘဏ္ဍာရေးမှူးဦးကျော်မြင့်ထွန်းက သင်တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၃ ရက်နေ့ထိ သင်တန်းကာလ(၁၀) ပတ်ကြာဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦးတက်ရောက်ခဲ့သည်။ အခမ်းအနားကို အုပ်ချုပ်ရေးပညာဖွံဖြိုးရေးသင်တန်းကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ မြန်မာနိုင်ငံအထွေထွေအုပ်အုပ်ရေးဝန်ထမ်းဟောင်းများအသင်း နယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အငြိမ်းစားအရာရှိကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းမှနည်းပြအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလင်း(မင်္ဂလာဒုံ)