မူဆယ် နိုဝင်ဘာ ၄
တရုတ်-မြန်မာနယ်စပ်ဒေသများစီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်၊ တားဆီးထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်နိုင်ငံဘက်က ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)၌ တရုတ်နိုင်ငံ တာဝန်ရှိသူများက လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါသဘောတူစာချုပ်အရ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာဟုန်လျံ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (၃)သိန်းသုံးသောင်း၊ (N-95)နှာခေါင်းစည်း (၂)ထောင်ကျော်၊ လက်အိတ် (၃)ထောင်စုံ၊ (PPE)ဝတ်စုံ (၂၅၀၀)စုံ၊ တစ်ခါသုံးဖိနပ်အစွပ် (၂၅၀၀)စုံ၊ (Hand Gel) တစ်ထောင်ပုလင်းနှင့် ပိုးသတ်ဆေး (၁)ထောင်တို့ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရမှ ပေးအပ်လှူဒါန်းခဲ့သည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ပြည်ပရေးရာဌာနမှူး မစ္စတာရန်လိကျွင်းနှင့် ရွှေလီပြည်ပရေးရာဌာနမှူး မစ္စတာထင်ဟွေကန်တို့က ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို လာရောက်ပေးအပ်ခဲ့ရာ မူဆယ်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် အဖွဲ့တို့က လက်ခံခဲ့ပြီး လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)