ကာမိုင်း မတ် ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်/ဆက်ဦးစီးမှူး ဒေါ်ရွှေဇင်ဦးက အဆိုပါဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိကောင်းစရာအကြောင်းကို ဆက်လက်ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို Grate-4 မှ ကျောင်းသား၊ ကျောင်းသူ (၁၄)ဦးနှင့် ပုံပြောပြိုင်ပွဲကို Grate-3 မှ ကျောင်းသား ကျောင်းသူ(၁၂)ဦးတို့ ပါ၀င်ယှဥ်ပြိုင်ခဲ့ရာ ဆုရရှိသူများကို ပြန်/ဆက် ဦးစီးမှူးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲကို ဆက်လက်ပြသရာတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်၀င်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)