မြစ်ကြီးနားမြို့၌ လယ်ယာကဏ္ဍ စာရင်းအင်းအရည်အသွေးပြည့်ဝမှန်ကန်စေရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

မြစ်ကြီးနား မတ် ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကကြီးမှူး၍ လယ်ယာကဏ္ဍ စာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ၊ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မတ် ၇ ရက်ကစတင်၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မတ် ၇ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လယ်ယာမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်များနှင့် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းစဉ်များအား Video Conferencing စနစ်ဖြင့် တက်ရောက်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်အောင်(စာရင်းအင်းဌာနခွဲ)၊ ညွှန်ကြားရေးမှူး ဦးမြင့်သိန်း(ကြေးတိုင်၊ စီမံကိန်းနှင့် သုတေသနဌာနခွဲ)တို့က ကချင်ပြည်နယ်အတွင်းရှိ ခရိုင်/ မြို့နယ်များမှ အရာထမ်း/အမှုထမ်း (၉၁)ဦးတို့အား လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းများကောက်ယူပြုစုရာတွင် မြေစာရင်းလက်စွဲဥပဒေပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များအပေါ် အခြေခံ၍ လိုက်နာဆောင်ရွက်ရမည့်  လုပ်ငန်းအစီအစဉ်များ၊ လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရာတွင် အလေးထားလိုက်နာရမည့်လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)