မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အ.ထ.က(ခွဲ)နိုင်လှုံ (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မုဒုံ      မတ်      ၈

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် နှစ်(၅၀)ပြည့်ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နိုင်လှုံ (၂)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့က အဆိုပါစာသင်ကျောင်း၌ကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

ဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ(၂၃၂ ဒသမ ၄၅) ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့သည့် (၁၀၀×၃၀)ပေ RC(၂)ထပ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ အခြေခံပညာသင်ကြားနိုင်ရေး၊ ကလေးများပညာသင်ယူမှု အခွင့်အလမ်းနှင့် အရည်အသွေးမြင့်မားလာစေရန်၊ ကျောင်းနေနှုန်းမြင့်မားလာစေရေးနှင့် အခမဲ့ပညာရေးစနစ်ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိဘပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့်  သတင်းရောက်ရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ လူငယ်တိုင်းအန္တရာယ်ကင်းရှင်းပြီး  အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်သော ပညာရေးမှူးများ ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်၊ ရပ်မိ ရပ်ဖ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ရာဇာမြင့်ဆောက်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာမှူးကြီးဦးရဲလွင်မှ ကျောင်းဆောင်အသစ်(၁၀၀)ရာခိုင်နှုန်းပြီးစီးကြောင်း ထောက်ခံချက်အား လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်မှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကျောင်းဆောင်အသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/သူများနှင့်ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)