ရွှေပြည်သာမြို့နယ်၌ မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရွှေပြည်သာ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ‌မြေယာဌာနမှ သိမ်းဆည်းခံတောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မင်္ဂလာဒုံခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်မှ အဖွင့်အမှာစကားပြောကြားပြီး ရွှေပြည်သာမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက မြေလျော်ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သိမ်းဆည်းခံတောင်သူ (၄) ဦးတို့၏ မြေဧရိယာ (၆၇.၄၅) ဧကအတွက် ကျပ်သိန်းပေါင်း (၆,၇၄၅,၀၀၀,၀၀) (ခြောက်ထောင့်ခုနှစ်ရာ‌လေးဆယ့်ငါးသိန်း) အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဦးနှင့် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းတို့က ပေးအပ်ခဲ့ပြီး မြေလျော်ကြေးရတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ မင်္ဂလာဒုံခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ရွှေပြည်သာမြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ကြသည်။

နေမျိုးထွန်း