မင်္ဂလာဒုံမြို့နယ်တွင် ပညာဒါန အခမဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေး

မင်္ဂလာဒုံ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သပြေညိုမင်္ဂလာခန်းမတွင် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှဦးစီး၍ ကလေးများအတွက် နွေရာသီအခြေခံကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ စာဖတ်စွမ်းရည် မြင့်တင်ရေးသင်တန်း၊ ပန်းချီသင်တန်းတို့ကို မတ်လ(၆)ရက်နေ့ နံနက်၉နာရီမှစ၍ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။

အဆိုပါ သင်တန်းများတွင် အင်္ဂလိပ်စာသင်တန်းကို အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့များတွင် သင်ကြားပို့ချပေးလျက်ရှိပြီး အခြားသော သင်တန်းများကို တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပေးလျက်ရှိသည်။ သင်တန်းများတွင် သင်တန်းသား (၁၉၅) ဦး တက်ရောက်သင်ကြားနေပြီး ၂၀၂၄ခုနှစ် မတ် (၄) ရက်နေ့မှ ဧပြီ (၅) ရက်နေ့အထိ သပြေညို ပညာဒါန အကျိူးဆောင်အသင်းနှင့် မြို့နယ်စာရေးဆရာအသင်းမှ သင်ကြားပေးလျက်ရှိသည်။

"ယခုလို လူငယ်များ ဘဝမြှင့်တင်နိုင်ရေးအတွက် ပညာဒါန အခမဲ့သင်တန်းများ သင်ကြားပေးနိုင်ခြင်းဖြင့် သပြေညိုပညာဒါန အကျိုးဆောင်အသင်းအနေဖြင့်လည်း ကျေနပ်ပီတိဖြစ်ရကြောင်း" သိရသည်။

ဌေးလင်း(ပြန်/ဆက်)