လားရှိုးမြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် သုံးထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်

လားရှိုး မတ် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဟိဏ်းဓနလင်းဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပပြုလုပ်သည်။  

ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)အတွင်းရေးမှူး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှမင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ဌေး၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊  ကျောင်းအုပ်ကြီး ဒေါ်မြမြမော်၊ ဟိဏ်းဓနလင်းဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်လင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းညွန့်မောင်တို့က ဒုဌဝတီကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)အတွင်းရေးမှူးက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဘင်ခရာတပ်ဖွဲ့နှင့် ပန်းပွားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဆောင်သစ်အား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်သည် လားရှိုးမြို့ ၊ရပ်ကွက် (၅) ရှိ အမှတ် (၆)အခြေခံပညာအထက်တန်းကျောင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပေ ၁၀၀ x ပေ ၃၀ ကျယ်ဝန်းသည် သုံးထပ်အဆောက်အဦဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)