လားရှိုး မတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာ စခန်း(၅)နေရာတွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်ကထောက်ပံ့သည့် ဆန်ရိက္ခာဖိုး တစ်လစာထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့လယ်ပိုင်းက ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိခိုလှုံနေကြသည့် စခန်း(၅)နေရာတွင် ပြုလုပ်သည်။
အဆိုပါ ဆန်ရိက္ခာဖိုးထောက်ပံ့ခြင်းကို လားရှိုးခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခမ်းလင်းနှင့် တာဝန်ရှိသူတို့က ယာယီနေရပ်စွန့်ခွာပြည်သူများရှိရာ စခန်းများသို့ သွားရောက်ကာ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၊ ကန်မိန်းကျောင်း၊ ကက်သလစ်ဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတို့တွင် အိမ်ထောင်စု(၄၂၂)စု၊ လူဦးရေ(၁၃၇၅) ဦးတို့ ရောက်ရှိခိုလှုံလျက်ရှိရာ ၎င်းတို့အတွက် ဆန်ရိက္ခာတစ်လစာ ငွေကျပ်(၁၂၃၇၅၀၀၀)ကျပ် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)