တနိုင်း မတ် ၈
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးက တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိ/မြို့ဖများ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက၊ ခရိုင်ပညာရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဌေးဦးတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်မိ၊ရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနိုင်းမြို့နယ်တွင် စာစစ်ဌာန (၂) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား/သူ စုစုပေါင်း (၃၅၈) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မနောမြေ(တနိုင်း)