ကျိုင်းတုံ မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားရှိသော အ.ထ.က ကျောင်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အ.ထ.က ကျောင်း စာစစ်ဌာနများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင် ထားရှိမှုများ၊ ရေရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝိုင်ယာရှော့ ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအားခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် မီးပြတ်သွားပါက မီးပြန်လည်ရရှိရေးအတွက် အရေးပေါ် မီးစက်ကြိုတင်ပြင်ဆင်ထားရှိမှုများအား စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်း မတ် ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျိုင်းတုံမြို့ အ.ထ.က(၂)၊ အ.ထ.က(၃) စာစစ်ဌာန (၂)ခု စီစဉ်ဆောင်ရွက်ထားရှိကာ ကျိုင်းတုံမြို့နယ်တွင် ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇၈) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)