မုဒုံ မတ် ၈
၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ)နိုင်လှုံ(၂)ထပ်ကျောင်းဆောင် အသစ်ဖွင့်ပွဲကို ယနေ့နံနက် (၈) နာရီက အဆိုပါစာသင်ကျောင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း (၂၆၀) ဖြင့် ဆောင်ရွက်ခဲ့သည့် ( ၁၀၀ × ၃၀ ) ပေ RC (၂)ထပ် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်အသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ အခြေခံပညာ သင်ကြားနိုင်ရေး၊ ကလေးများ ပညာသင်ယူမှု အခွင့်အလမ်း မြင့်မား လာစေရေးနှင့် ပညာသင်ယူမှုအရည်အသွေး မြင့်မားလာစေရန်၊ ကျောင်းနေနှုန်း မြင့်မားလာစေရေးနှင့် အခမဲ့ပညာရေးစနစ် ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိဘပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းရောက်ရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ လူငယ်တိုင်း အန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချော မွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်သော ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊မိဘဆရာအသင်း၊ကျောင်း အကျိုးတော်ဆောင်၊ ရပ်မိရပ်ဖ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာ အခြေပြုလူမှုရေး အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ရာဇာမြင့် ဆောက်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာမှူးကြီး ဦးရဲလွင် မှ ကျောင်းဆောင်အသစ် (၁၀၀)ရာခိုင်နှုန်း ပြီးစီးကြောင်း ထောက်ခံချက်အား လွှဲ ပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်မှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကျောင်းဆောင်အသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)