ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask တပ်ဆင်ရေး ကြပ်မတ် စစ်ဆေး အရေးယူလျက်ရှိ

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို  အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီမှစ၍  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ‌နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူး ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်း အဖွဲ့တို့မှ  မြို့နယ်အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ်(သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြား နေရာများတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် နေအိမ်ပြင်ပသွားလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး ကြပ်မတ် စစ်ဆေး၍ အကာအကွယ် Mask မပါရှိသူများအား စစ်ဆေး‌‌ တွေ့ရှိပါက ဒဏ်ငွေကျပ် ၂၀၀/- ဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်း စနစ်တကျ တပ်စေခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အသိပညာပေး ပြောကြားခြင်းတို့ကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)