အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်

အလုံ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြည်သူများ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတရရှိစေရန်၊ စာပေဝါသနာရှင်များ အချင်းချင်းစာပေရေးရာ အသိပညာဗဟုသုတများကို နှီးနှောဖလှယ်ဆွေးနွေးနိုင်ရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ လစဥ်ဆောင်ရွက်ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စာရေးသူ မြို့တော်ထွန်းရည်ရေးသားသည့် အထူးကုဆရာဝန်ကြီးများနှင့် ကျွန်တော်တွေ့ဆုံမေးမြန်းစူးစမ်းထားသည့် ရောဂါဗေဒများအကြောင်း ဆောင်းပါးများကို Book Club အဖွဲ့ဝင် စာရေးသူ ဦးထွန်းရည်က ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများကလည်း ပါဝင်ဆွေးနွေးခဲ့ကြပြီး အဆိုပါစာဖတ်ဝိုင်းသို့ အလုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)