တာလေ မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဒေသခံပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်တည်ဆောက်နေမှုအား ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဉီးစိုးသန်းက တာလေမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်၊ ပြည်နယ်ဖြည့်စွက်ရန်ပုံငွေကျပ် ၄၂၉ သိန်း ၆ သောင်းဖြင့် Great Golden Horse Company Limited မှ တာဝန်ယူဆောင်ရွက်နေသော ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုကာ သတ်မှတ်အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ချိန် အချိန်မီပြီးစီးရေးတို့ကို မှာကြားစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်သည် ယခုအခါ ၃၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး ရေစုကန်တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအား သောက်သုံးရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)