မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပုသိမ်ကြီးမြို့နယ်ရှိ ရွှေအိုး နို့စားနွားမွေးမြူရေးလုပ်ငန်း၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေး လုပ်ငန်းအား ကွင်းဆင်း ကြည့်ရှု

ချမ်းအေးသာစံ မတ် ၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ပုသိမ်ကြီးမြို့နယ် မနောယျမကျေးရွာ အုပ်စု၊ ကုလားမတောင်ကျေးရွာရှိ ရွှေအိုးနို့စားနွားမွေးမြူရေး လုပ်ငန်း၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းသို့ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား လုပ်ငန်းရှင် ဦးတင်ဝင်းက နို့စားနွားမွေးမြူထားရှိမှု၊ မျိုးထိန်းခြင်းဆောင်ရွက်မှု၊ မွေးဖွားထားသည့် နွားငယ်များအား သီးသန့် ခွဲခြားပြုစုထားမှု၊ နို့ထွက်ရှိမှုနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ဖြန့်ချိမှု၊ လျှပ်စစ်ဓာတ်အားနှင့် တွဲဖက်၍ ပြည့်ဖြိုးမြဲစွမ်းအင်သုံးဆိုလာ အသုံးပြုနေမှုတို့အား လိုက်ပါ ရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် စားရေရိက္ခာ ဖူလုံရေးတွင် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ပါဝင်ပါကြောင်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် မူဝါဒများ ချမှတ်ကာ မွေးမြူရေးဇုန်များ ဖော်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ လက်တွေ့ဆောင်ရွက်နေသူများမှာ အတွေ့အကြုံများစွာ ရရှိထားသူများဖြစ်ပါကြောင်း၊ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်၍ ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နို့ နှင့် နို့ထွက်ပစ္စည်းများ သွင်းကုန်အစားထိုးနိုင်ရန် ပြည်တွင်း၌သုံးစွဲမှုပြည့်ဝရေး ထုတ်လုပ်ရောင်းချမှု မြှင့်တက်လာအောင် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ ဖူလုံပါက ပြည်ပသို့တင်ပို့ နိုင်သည်အထိ ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရသည်။

ထွန်းထွန်းနိုင်