ဇေယျာသီရိ မတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ရာ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးခိုင်မင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ငါးခုဖြစ်သည့် ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်း၊ ကျောက်ချက်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာဖြေခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲဖြေဆိုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုတို့အား လိုက်လံစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)