ဥတ္တရသီရိ မတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၃၄၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၄၄၆ စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နေကြာ ဧက ၃၄၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါနေကြာများ အခက်အခဲမရှိစိုက်ပျိုးနိုင်ရန် ဒေသခံတောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးသည့် နေကြာများ တစ်ဧကချင်းစီအလိုက် အထွက်နှုန်းကောင်းစေရန်၊ အရည်အသွေးကောင်းနေကြာများ ထွက်ရှိစေရန်၊ မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေးအသုံးပြုနည်းများ၊ ရေအသုံးချမှုဆိုင်ရာများ၊ နေကြာမျိုးကောင်းမျိုးသန့် ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)