တာမွေ မတ် ၈
ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၄-ခုနှစ် မတ်လ (၁၁) ရက်မှ (၁၉) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးရှိ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ကျောင်းသား/ သူ (၂၆၈) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား(၁၁၇)ဦးနှင့် ကျောင်းသူ(၁၀၈)ဦး စုစုပေါင်း(၂၂၅)ဦး၊ ပြင်ပမှဖြေဆိုသူ ကျောင်းသား(၁၉)ဦးနှင့် ကျောင်းသူ(၂၄)ဦး စုစုပေါင်း (၄၃)ဦးရှိရာ စုစုပေါင်းမြို့နယ် အတွင်းရှိ ကျောင်းသား(၁၃၆)ဦးနှင့် ကျောင်းသူ(၁၃၂)ဦး စုစုပေါင်း(၂၆၈)ဦးထိ ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်းနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)