နမ့်စန်(တ) မတ် ၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်သည့် ယင်းနက်တိုင်းရင်းသားများအတွက် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းလမ်းကျေးရွာ(Tourisum Village) တွင် ယမန်နေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး မက်မွန်မုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဩတက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဖွင့်ပွဲတက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စက်ချုပ်သင်တန်းဖွင့်လှစ်ပို့ချနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါသင်တန်းကို ယင်းနက်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အနုပညာများ၊ ပညာရပ်များကို ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးနှင့် လက်မှုလုပ်ငန်း တတ်မြောက်ခြင်းဖြင့် မိသားစုဝင်ငွေများတိုးပွားလာစေရန်တို့ကို ရည်ရွယ်၍ မတ်လ ၇ ရက်မှ မတ်လ ၁၂ ရက်နေ့အထိ (၆)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကာ မက်မွန်မုန်းကျေးရွာအုပ်စုနှင့် နောင်ဟီးကျေးရွာရှိ ယင်းနက်တိုင်းရင်းသားကျေးရွာများမှ ယင်းနက်တိုင်းရင်းသူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း ယင်းနက်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ စိုင်းလီထံမှ သိရသည်။
သူရအောင်(နမ့်စန်)