မုဒုံ မတ် ၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မတ်လ ၆ ရက်နေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက တိုးတက်လာသောခေတ်နှင့်အညီ နည်းပညာများကို အသုံးချ၍ မိမိရိုက်ကူးထားသည့် ဗီဒီယိုများ ပိုမိုကောင်းမွန်အောင် ဖန်တီးနိုင်ရေးနှင့် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်/ဆက်ဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-(၂) ဦးအောင်မျိုးသူက ဓါတ်ပုံ/ဗီဒီ ယိုရိုက်ကူးရခြင်း၏ အကြောင်းရင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဓါတ်ပုံကင်မရာကြီးနှင့် ဖုန်းကင်မရာ အလုပ်လုပ်ပုံကွာခြားချက်၊ ဓါတ်ပုံရိုက်ကူးရာတွင် သိထားသင့်သည့် အခြေခံသဘောတရားများ၊ အချက်အလက်များကို ရှင်းလင်း၍ မိုဘိုင်းဖုန်းဖြင့် In Shot Software ကို အသုံးပြုကာ ဗီဒီယိုပေါ်တွင် ဓါတ်ပုံတည်းဖြတ်ခြင်း၊ နောက်ခံစကားပြောထည့်ခြင်း၊ စာတန်းထိုးခြင်း၊ အသံဖိုင်နှင့် ရုပ်ပုံကို ဗွီဒီယိုပြုလုပ်ခြင်း စသည့်နည်း ပညာ အခြေခံသဘောတရားများကို စာတွေ့/ လက်တွေ့ဖြင့် သင်တန်းသား/ သူ (၁၂)ဦးအား (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)