ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံပြင်ဆင်စားရိတ် ထုတ်‌ပေးခြင်းများဆောင်ရွက်

မန္တလေး နိုဝင်ဘာ ၄

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂ဝပြည့်နှစ်နိုဝင်ဘာလ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အမှားအယွင်း မရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးခြင်းနှင့် မဲရုံပြင်ဆင်စားရိတ်များထုတ်‌ပေးခြင်းကို ယမန်နေ့ ညနေ၃နာရီ ခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား ယာယီဖွင့်လှစ်ထားသော အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့်၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံ၌ ဆောင်ရွက်ကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် အဖွဲ့ဝင် ဦးကျော်သင်းတို့က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ များ၊ ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်စေရေး ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံတစ်ရုံလျင်၅၀၀၀၀ကျပ်နှုန်းဖြင့်မြို့နယ်အတွင်းရှိ မဲရုံ(၉၂)ရုံ အတွက် မဲရုံပြင်ဆင်စားရိတ်များကို ထုတ်ပေးရာ သက်ဆိုင်ရာ ရပ်ကွက်များမှ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက မဲရုံအရေအတွက်အလိုက် ထုတ်ယူကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)