ချမ်းအေးသာစံ မတ် ၈
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လုပ်ငန်းရှင်များ၊ ယာဉ်လုပ်သားများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် မတ်လ(၆)ရက် မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မော်တော်ယာဉ်လုပ်ငန်းရှင်များနှင့် ယာဉ်လုပ်သားများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ခရီးသည်နှင့်ကုန်စည်များကို လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင် ပေးနေသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အထူး အရေးပါလှပါကြောင်း၊ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုခေတ်၏လိုအပ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ အဆင့်ဆင့်တိုးတက်ပြောင်းလဲ ဆောင်ရွက်ပေးနေပါကြောင်း၊ ခရီးသွား ပြည်သူများနှင့် ကုန်ပစ္စည်းများ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ လုံခြုံချောမွေ့စွာဖြင့် စနစ်တကျသယ်ယူ ပို့ဆောင်ပေးရေး၊ ယာဉ်လုပ်သားများဘဝ တိုးတက်မြင့်မားစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပိုင်းဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုများ ပူးပေါင်းဆောင် ရွက်ရန်ရည်ရွယ်၍ ကုန်တင်ယာဉ်များ ကြီးကြပ်မှုကော်မတီ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး လုပ်ငန်းကော်မတီ(အဝေးပြေး)၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)၊ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီ (ကုန်တင်/ခေါက်တို) ဖွဲ့စည်းပေးထားပါကြောင်း၊ လုပ်ငန်းများနှင့် ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက ပွင့်လင်းမြင်သာစွာတင်ပြသွားရန် လိုအပ်ပါကြောင်း၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီများ ပြန်လည်ရွေးချယ်ရာတွင် လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့် အညီ ရွေးချယ်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်းပြောကြားပြီး ရင်းနှီးစွာလိုက်လံနှုတ်ဆက်ခဲ့သည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက အဖွင့်စကားပြောကြားပြီး တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးရုံး၊ မြန်မာ့အာမခံလုပ်ငန်း၊ အလုပ်သမားဆေးရုံကြီး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်လည်ပတ်နေမှုများ၊ ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်