တောင်ကုတ်မြို့၌ ရက္ခပူရ သာသနာလင်္ကာရ စာမေးပွဲ စာအောင်ဆုနှင်းသဘင်ပွဲ ကျင်းပ

တောင်ကုတ် မတ် ၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် ရခိုင်ပြည်နယ်၊ ရက္ခပူရ သာသနာလင်္ကာရ အသင်းက ကြီးမှူးကျင်းပသည့် နဝမအကြိမ် ရက္ခပူရသနာလင်္ကာရ စာမေးပွဲကို တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ စာဖြေဌာန၌ ပထမအကြိမ်အဖြစ် ကျင်းပခဲ့ရာ စာဖြေဌာနမှ ဖြေဆို အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်ခြင်းနှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ဖောင်တော်ဦးစေတီတော်ရှိ ဓမ္မဝိဇယဓမ္မာရုံတော်၌ ကျင်းပသည်။

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ပြီးနောက် ဗောဓျာရာမ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူကြသည်။ ထို့နောက် ကံပိုင်မဟာဝိဟာရကျောင်းတိုက်နှင့် မဟာသဒ္ဓမ္မပန်းကုံးကျောင်းတိုက်တို့မှ ဆရာတော်များက သာသနာလင်္ကာရစာမေးပွဲကိစ္စများနှင့် ပတ်သက်၍ ဩဝါဒခံယူပြီးနောက် အသင်းနာယက ဦးအောင်သန်းမြင့်မှ အသင်းဖြစ်ပေါ်လာပုံနှင့် ပထမအကြိမ် စာမေးပွဲ ကျင်းပခဲ့ပုံများကို လျှောက်ထားသည်။

ဆက်လက်၍ စာအောင်ဆုနှင့် အောင်လက်မှတ် များဆက်ကပ်လှူဒါန်းပွဲကို ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးတင်ဖေနှင့် တာဝန်ရှိသူများက မူလတန်းအခြေပြုနှင့် ဥပစာတန်းတို့တွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သာမဏေများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)