ရန်ကုန် နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့် စင်တာ (၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃) စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေသော ကြက်ခြေနီအသင်းခွဲ(အင်းစိန်)သည် ဥက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနီထွန်းတို့၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်(၁)နာရီက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ အနီး ပတ်ဝန်းကျင်၊ အိမ်နှင့်လမ်းများဖြစ်သော အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ အောင်စေတီလမ်း အတွင်းတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)