မိုင်းယောင်းမြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ပါးရေးဆိုင်ရာ အကောင်အထည်ဖော်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ပါးရေးဆိုင်ရာ အကောင်အထည်ဖော်မှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နှစ်စဉ်နွေဦးကာလသို့ ရောက်ရှိသည့်အခါတိုင်း တောင်ယာမီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းတို့ကြောင့် မီးခိုးမြူငွေ့များဖြစ်ပေါ်လေ့ရှိပြီး လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံတို့တွင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားကြရကြောင်း၊ တောင်ယာမီး၊ တောမီးတို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးငွေ့များသည် တစ်နိုင်ငံမှတစ်နိုင်ငံသို့ အတားအဆီးမရှိဝင်ရောက်ပြီး ဒေသခံပြည်သူတို့အပေါ် ကျန်းမာရေးအန္တရာယ်များဖြစ်ပွားစေခြင်းကြောင့် အဆိုပါနယ်စပ်ဖြတ်ကျော်မီးခိုးမြူများ (Transboundary Smoke)ကို ထိန်းချုပ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံတို့က ကြိုးပမ်းနေကြရကြောင်း အမှာစကားပြောကြားပြီး မိုင်းယောင်းခရိုင်အတွင်း တာဝန်ပေးအပ်ထားသည့် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွမ်းသည့် ကိစ္စရပ်များမဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ မြို့နယ်/မြို့ဌာနဆိုင်ရာအကြီးအကဲများက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ပါးရေးဆိုင်ရာ အကောင်အထည်ဖော်မှုကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ Video Clip အား ကြည့်ရှုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ ဖြစ်ပေါ်ခြင်းနှင့်စပ်လျဉ်း၍ အာရှမိုးလေဝသဌာန (ASMC)က စောင့်ကြည့်တိုင်းတာလျက်ရှိပြီး ဒေသတွင်း တောင်ယာမီးရှို့ခြင်း၊ တောမီးလောင်ခြင်းဖြစ်ပေါ်သည့်နေရာများ (Hot Spots)ကို ထုတ်ပြန်လျက်ရှိကြောင်း၊ ထို့ကြောင့် တောင်ယာမီး၊ တောမီးများမရှို့စေရန် အသိပညာပေးခြင်း၊ အရေးယူတားဆီးခြင်း၊ သစ်တောများထိန်းသိမ်းကာကွယ်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်ခြင်းအားဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ထိန်းချုပ်လျှော့ချကြရမည်ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)