မြစ်သား မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ကုလားပဲ သီးနှံစိုက်ခင်းများ ဒေသခံ တောင်သူများက နွေသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် ကုလားပဲ စိုက်ခင်းများ မကြာမီ ရိတ်သိမ်းခြွေလှေ့ ရောင်းချရာ၌ စျေးကောင်းရရှိရန် ဒေသခံတောင်သူများ မျှော်လင့်နေကြောင်း သိရသည်။
ယခုနှစ်အတွက် မြစ်သားမြို့နယ်အတွင်းရှိ ကုလားပဲ စိုက်ဧက (၂၂၄၀၀)ကို စိုက်ပျိုးရန် လျာထား ဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများနေဖြင့် ယခုနှစ် လျာထားဧက ရာခိုင်နှုန်းထက် ပိုမိုစိုက်ပျိုး နိုင်ခဲ့ကြောင်း၊ အဓိကအားဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ရေဆင်း (၇)နှင့် ရေဆင်း(၈) မျိုးကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံ တောင်သူများ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ စိုက်ပျိုးဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားသည့် ဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ဒေသခံ တောင်သူများကလည်း ဝယ်ယူသည့် စျေးနှုန်း သင့်တင့်ရှိသည့်အတွက် အမြတ်ငွေ ရရှိရန်နှင့် စျေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ဒေသခံ တောင်သူများနှင့် လက်ပံဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ကုလားပဲ စိုက်တောင်သူ ဦးဇော်နိုင်ထံမှ သိရသည်။
ဝင်းမင်းထွန်း