ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

ပြင်ဦးလွင် မတ် ၈

နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း  ( ၂၅)  ဦးကို အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ရာ ယနေ့တွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူတင်ဆက်ခြင်း ပြိုင်ပွဲကျင်းပ၍ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းမျဉ်းများအား အကဲဖြတ်ဒိုင်များက ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားမှူးအဖြစ် တာဝန်ယူတင်ဆက်ခြင်း ပြိုင်ပွဲကျင်းပသည်။ ထို့နောက် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ စာရေးဆရာကို ရွှေအောင်သင်းက  သင်တန်းဆင်း မှာစကား ပြောကြားပြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်၊ အကဲဖြတ်ဒိုင်များက ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် သင်တန်းဖွင့်လှစ်ရာတွင် ပူးပေါင်းကူညီခဲ့သော အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မျိုးသူ၊   ပြင်ဦးလွင်မြို့နယ် သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ MC ဒေါ်အေဇင်မေ၊ ဆရာဟိန်းစိုးလတ် (ဂုဏ်ထူးမြန်မာစာ) တို့အား ကျေးဇူးတင်ဂုဏ်ပြုလက်မှတ်များ ဆက်လက်ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများ၏ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းသည်။ အဆိုပါ အခမ်းအနားမှူးသင်တန်းကို မတ်လ ၄ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လေးရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က အခမ်းအနားမှူး တစ်ဦးတွင် ရှိသင့်သည့် အရည်အချင်းများ၊ အခမ်းအနား အမျိုးအစားအလိုက် ကြိုတင်ပြင်ဆင်ရမည့် အစီအမံများ၊ အခမ်းအနားမှူး တစ်ဦးသိသင့် သိထိုက်သည့် ဆောင်ရန်/ ရှောင်ရန်များ၊ မြန်မာစာသဒ္ဒါ အသုံးအနှုန်းနှင့် အသံအဖြတ်အတောက်များနှင့် လက်တွေ့ လုပ်ဆောင်ရာတွင် ဖြစ်ပေါ်တတ်သည့် လုပ်ငန်းအတွေ့အကြုံများအား စာတွေ့/လက်တွေ့ မျှဝေသင်ကြားပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ်  (ပြန်/ဆက်)