ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အနောက်ငါးဆူကျေးရွာတွင် ခရမ်းချဉ်စိုက်ခြင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် စိုက်ပျိုးမြေ အမျိုးအစားနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရပြီး ခူးဆွတ်ရောင်းချချိန် (၃)လခန့်ကြာမြင့်ကြောင်း သိရသည်။
ခရမ်းချည်သီးနှံသည် မျိုးကွဲများစွာရှိသောလည်း စီးပွားဖြစ် ခရမ်းချဉ်သီးနှံစိုက်ပျိုးသူများအနေဖြင့် အခွံထူ၍အထားခံသည့် ပံတံဆိပ် တိုင်ထောင်ခရမ်းချဉ်မျိုးများ အဓိကထား စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာ၌ အပင်သက်တမ်းကြာရှည်ပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် သာဘာဝမြေဩဇာဖြစ်သည့် နွားချေးများ၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် ရေအလေအလွင့် နည်းပါးပြီး ရေသွင်းရေထုတ် လွယ်ကူးစေရန်အတွက် မြေဘောင်များပြုလုပ်၍ ပလတ်စတစ်အပါးစများခင်း၍ (၃)ပေခြား အပေါက်များ ဖောက်ကာ ပျိုးထောင်ထားသည့် ခရမ်းချဉ်ပျိုးပင်များစိုက်ပျိုးကြကြောင်းနှင့် ပလတ်စတစ်ခင်း၍ စိုက်ပျိုးခြင်းဖြင့် ခရမ်းချည်စိုက်ခင်းတွင် ပေါင်းမြက်ကင်းရှင်းခြင်း၊ အပင်ဖြစ်ထွန်းခြင်း၊ အသီးအထွတ်နှုန်း ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရသည်။
ခရမ်းချဉ်မျိုးအပေါ် မူတည်၍ ငွေကုန်ကျမှုရှိပြီး စိုက်ပျိုးရာ၌ အပင်သေပျောက်မှုမရှိစေရေး ပျိုးထောင်ထားသည့် သန်မာသည့်ပျိုးပင်များကို ရွေးချယ်ကာ ပြောင်းရွှေ့စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးပြီး သက်တမ်း(၄၅)ရက်တွင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ အသီးစတင် ခူးဆွတ်ချိန်တွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၁၅၇)ပိဿာအထိ ခူးဆွတ်ရကြောင်း၊ ခူးဆွတ်ရောင်းချချိန်(၃)လခန့်ကြာမြင့်ပြီး (၂)ရက်ခြား၊ (၃)ရက်ခြားတစ်ကြိမ် ခူးဆွတ် ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)