မိတ္ထီလာ မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဖလန်ကန်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ သောက်သုံးရေအဆင်ပြေစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေ ၃၀.၆၈၄ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Triple Thar Co.,Ltd မှ တာဝန်ယူ၍ ဖလန်ကန်ကျေးရွာအုပ်စု ဖလန်ကန်ကျေးရွာ တွင် အကျယ် ၄.၅ လက်မ အနက် ပေ ၆၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ (အင်ဂျင် + ဒိုင်နမို + 3HP Submersible) တပ်ဆင်ခြင်းလုပ်ငန်း၊ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ ၊ အမြင့် ၈ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးလက်ရေရရှိရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ဖလန်ကန်ကျေးရွာအတွင်းရှိ အိမ်ခြေ ၂၀၇ အိမ် ၊ လူဦးရေ ၁၀၀၂ ဦးတို့မှ သောက်သုံးရေအတွက် ရာသီမရွေး အဆင်ပြေတော့မည် ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)