ကျောက်ဆည် မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ ၂၀၂၃-၂၀၂၄ နှစ်တွင် စိုက်ပျိုးခဲ့သည့် ပဲစင်းငုံ ၁၅၅၂ ဧကမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
တောင်သူများအနေဖြင့် ပဲစင်းငုံသီးနှံများ စိုက်ပျိုးရာ၌ ယာမြေများတွင် အဓိထားစိုက်ပျိုးကြပြီး သက်တမ်းအားဖြင့် ရက်ပေါင်း(၁၈၀)ရက်ခန့် ကြာမြင့်ကြောင်း၊ ပဲစင်းငုံသီးနှံနှင့်အတူ သီးညှပ်သီးနှံအဖြစ် ပဲတီစိမ်း၊ ဝါသီးနှံနှင့် နှမ်းသီးနှံများတွဲဖက်ပြီး အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ သီးညှပ်သီးနှံများရိတ်သိမ်း ပြီးချိန်တွင် ပဲစင်းငုံပင်များ အောင်မြင်ဖြစ်ထွန်းရေး မြေဆွခြင်း၊ ပေါင်းလိုက်ခြင်းများနှင့် လိုအပ်သည့် ဖျန်းဆေးများ ဖြန်းပေးခြင်းဖြင့် အပင်များ ကြီးထွားသန်မာ၍ အပွင့်များဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်သီးလာကြောင်းသိရှိရသည်။
ပဲစင်းငုံသီးနှံများကို ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပဲစင်းငုံ(၈၆၇)ဧကနှင့်၊ မြစ်သားမြို့နယ်၌ (၆၈၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောက်ဆည်မြို့နယ်၌ (၁၄၁၇)ဧကနှင့် မြစ်သားမြို့နယ်တွင် (၇၀၂) စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရပြီး တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဒေသနှင့်ကိုက်ညီသည့် ပဲစင်းငုံမျိုးများ ရွေးချယ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးနည်းစနစ်များ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)