ကျောက်ဆည်မြို့နယ်တွင် နွေပဲတီစိမ်း ဧက ၁၀၀၀၀ ကျော် လျာထားစိုက်ပျိုး

ကျောက်ဆည်   မတ်   ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ ကန်၊ တူးမြောင်းများ အလိုက် နွေသီးနှံများစတင်စိုက်ပျိုးလျက်ရှိပြီး နွေပဲတီစိမ်းအနေဖြင့် (၁၀၀၀၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လျာထားနွေပဲတီစိမ်းသီးနှံများကို ဇော်ဂျီဆည်ရေသောက်စနစ်မှ မင်းရဲစိုက်ပျိုးရေပေး တူးမြောင်းတွင် (၂၃၆)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးတူးမြောင်းတွင် (၃၁၄၁)ဧက၊ ငပြောင်စိုက်ပျိုးရေပေးမြောင်းတွင် (၇၈၀)ဧက၊ နွားတက်စိုက်ပျိုးရေပေးမြောင်းတွင် (၃၈၂၇)ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်းတွင် (၈၁၄)ဧက၊ ဇီးတောစိုက်ပျိုးရေပေးမြောင်းတွင် (၁၁၀)ဧကနှင့် ကင်းတားဆည်ရေသောက်စနစ်မှ ထုံးကြီးစိုက်ပျိုးရေပေးမြောင်းတွင် (၃၃၄)ဧက၊ စမာစိုက်ပျိုးရေပေးမြောင်းတွင်(၇၆၅)ဧက၊ စုစုပေါင်း(၁၀၀၀၇)ဧကလျာထား စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၌ နွေပဲတီသီးနှံများစိုက်ပျိုးရာတွင် မိရိုးဖလာပတ်ကျဲစနစ်၊ တန်းဆွဲစနစ်၊ ဘောင်စိုက်စနစ်များဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် တောင်သူအများစုသည် အထွက်နှုန်းသေချာပြီး အပင်ဖြစ်ထွန်းမှုကောင်းစေရန်အတွက် သိပ္ပနည်းကျစိုက်နည်းစနစ်များဖြင့် စိုက်ပျိုးလျက်ရှိရာ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး သီးနှံများအောင်မြင်ရေး နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်